rss
twitter
    Find out what I'm doing, Follow Me :)

Thanking you all from our silent graves

Thank you BBC,
For covering our graves with your camera

Thank you CNN,
for showing the world their artificial tears
While our blood seeped silently  into the ground

Thank you Time magazine,
For making the best cover photo,
While we all were covered under the mud

Thank you Al Jazeera,
For filming our dead bodies as Rohinjas'
Just to let you know, we Hindus also have dark skin.

Thank you UNHCR and UN
For giving them strength to kill
( do you know ,they even took a bite of the energy biscuits before they cut our throat?)

Thank you all for turning your back from our silent cries.
Now  we realised that  biased media could kill.

You all did really well so that we can rest in peace under our desolate motherland ....
Dedicated for the murdered real victims of Rakhine state (Ethnic Rakhine people and Hindus)

Via: Ragu Ne Myint
https://m.facebook.com/story.php?story_fbid=1723294564357076&id=100000296463199

လမ်းခွဲ

ဒါ ငါ့မ္ဘာဦးပေါ့
အာဒံဟာ သူ့နံရိုးကို ထုတ်ပေးခဲ့တယ်
 ဧဒင်ဥယျာဉ်က ပေါ်မလာဘူး၊
 နတ်ဆိုးရဲ့ မြွေတွေပဲ လုံးထွေးတက်လာခဲ့တယ်၊
ဘယ်အပင်ကမှ ပန်းသီး မသီးဘူး
မီးကိုပဲ စတင်တွေ့ရှိခဲ့တယ်။

ဘဝကို ကွေ့ကွေ့ကောက်ကောက် လျှောက်ချင်နေတဲ့
 ဆံပင်ကောက်ကောက် ကောင်မလေးက
 ရယ်ရယ်မောမော လေပြည်ထိုးသေးရဲ့
 ဘဝဆိုတာ သဲထဲရေသွန်ပဲ မဟုတ်လား...
အေး...
ငါ့မှာ
 သွန်စရာ တစ်စုံတစ်ခုကျန်သေးတယ်ဆိုရင် မှားတယ်၊
 အချစ်ဆိုတာ
အခမဲ့ဖြန့်ဝေခြင်းလို့ မင်းထင်နေရင် မှားတယ်၊
ဆိုဖူးတဲ့ သစ္စာစကားတိုင်း
ကျမ်းစူးဖို့ သက်သက်ဆိုရင်
သွားသေလိုက် !
လူဆိုတာ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ
 မကြားဘဲလည်း ပြောခဲ့ရတယ်
 မပြောဘဲလည်း ပြီးခဲ့ရတယ်
 မမြည်ဘဲလည်း တီးခဲ့ရတယ်
 ငါဟာ ရွှေပန်းကန်မဟုတ်ပေမယ့်လည်း
 အထိတော့မခံဘူး
သုညနဲ့တော့ လာမမြှောက်နဲ့...။

 သူမကားကို သူမ
 သော့ဖွင့်ပြီး မောင်းထွက်သွားတဲ့နောက်
ငါကလည်း
ငါ့ဖိနပ်ကို ငါ ရှပ်တိုက်စီးပြီး ပြန်လာခဲ့တယ်
 ထားလိုက်...
အဲဒီပုံပြင်ကို အဲဒီမှာ ရပ်ထားလိုက်၊
 မသေမချင်းမှတ်ထား
နောင်...ဘာကိုမှ အလကားမပေးမိစေနဲ့။

တငွေ့ငွေ့လောင်နေတဲ့ စိတ်ကို
 ခတ်ဆတ်ဆတ် တောက်ချလိုက်တယ်...
 နောက်
မီးနီမိနေတဲ့ လူကူးမျဉ်းကျားကို
 ငါတစ်ယောက်တည်း ဖြတ်ကူးရင်း
တစ်စုံတစ်ယောက် စွန့်ပစ်ခဲ့ပုံရတဲ့
မာရဇ္ဇရဲ့ ဆင်မြီးကွင်းလက်စွပ်လေးကို တက်နင်းပစ်လိုက်တယ်။

 + စိုးလှိုက်ဦး (ယင်းမာပင်) +

လွတ်မြောက်တဲ့ သစ်ပင်

ကိုယ့်အတွက် အိမ်ပြန်လမ်းတွေဟာ အထမမြောက်တော့တဲ့ ခရီးဆောင်အိတ်ထဲမှာ အကြိမ်ကြိမ် ပျောက်ရှခဲ့ဖူးပါရဲ့။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ်ဟာ အစိမ်းရောင် တမာလမ်းလေးထဲကို စိတ်ရောကိုယ်ပါ ပြန်လည် တိုးဝင်လာနိုင်ခဲ့ပါပြီ။ နှစ်ရှည်လများ ကွဲကွာနေခဲ့တဲ့ အချိန်ကာလက တကယ်တမ်းမှာတော့ ဘာမှ စကားမပြောနိုင်ဘူး၊ အပြောင်းအလဲ တစ်ချို့နဲ့ ကိုယ့်ဇာတိမြို့ကလေးမှာ အစစအရာရာ အသားတကျ ရှိလွန်းနေတဲ့ ကိုယ်ကိုကိုယ်တောင် မယုံချင်စရာ ဖြစ်နေမိတယ်။ ဟုတ်တယ်... ကိုယ့်အတွက်တော့ ကိုယ့်မြို့လေးဟာ အရင်လို ချစ်စရာ ကောင်းတုန်းပဲ။ ခုပဲကြည့်လေ... နွေရာသီ ဆိုပေမယ့် တမာပင်တန်းတွေနဲ့ စိမ်းလန်းနေဆဲပါပဲ။

ကိုယ့်ဇာတိမြို့ကို ကိုယ် ပြန်ရောက်တယ် ဆိုတာ သက်သေသက်ကာယ ခိုင်လုံဖို့ အ.ထ.က ကျောင်းကြီး ရှေ့က ပေတစ်ရာလမ်းမကြီး ကိုတော့ မရောက်ဘဲ ဘယ်နေပါ့မလဲကွယ်။ ပေတစ်ရာလမ်းမကြီးရဲ့ ​ဘေးဘယ်ညာတစ်လျှောက် စိမ်းစိမ်းစိုနေတဲ့ တမာပင်တွေပေါ်မှာတော့ ဖွေးဖွေ:ညွှတ်နေတဲ့ တမာပွင့်လေးတွေ အစီအရီနဲ့.... ၊ လမ်းတစ်လျှောက်မှာတော့ လတ်ဆတ် တဲ့ ရနံ့တစ်ခုက လွင့်ပျံ့လို့။ အဲဒီ ရနံ့ကို ရှူရှိုက်လိုက်မိတယ် ဆိုရင်ပဲ ကိုယ့်တစ်ကိုယ်လုံး လေထဲမှာ မျောလွင့်သွားသလိုမျိုး ခံစားလိုက်ရတယ်။ ကိုယ်... အကြိမ်ကြိမ် မျောလွင့်မိပြန်ပြီပေါ့.......။

ကြည့်စမ်း... ကိုယ်ဟာ ဒီအငွေ့အသက်နဲ့ လူငယ်သက်တမ်း တစ်လျှောက် ဘယ်လောက်တောင် တိမ်းညွှတ် ယဉ်ပါးနေခဲ့မိသလဲ မသိဘူး၊ ပြောပြလို့ကော ရနိုင်ပါ့မလား။ ဒါကြောင့် ကိုယ့်ဇာတိ မြို့ကလေးကို လွမ်းတဲ့အခါ ကိုယ်တို့ အညာသူ/သား တွေသာ ခံစား နားလည်နိုင်တဲ့ တမာရနံ့ကိုပါ အကြိမ်ကြိမ် ပြန်တမ်းတမိ တာပေါ့။

အဖြူရောင် တမာပွင့်လေးတွေ တွဲရဲကျနေတဲ့ တမာခက် ကလေးကို နမ်းကြည့်ပြီး သူမက ပြောဖူးတယ်၊ "တမာပွင့်တွေက မမွှေးပါဘူးကွာ" တဲ့။ "ဟုတ်တယ်လေ... တမာပွင့်တွေက မမွှေးတတ်ဘူး၊ လွတ်လပ်ပေါ့ပါးတဲ့ ရနံ့ပဲ ရှိတာ" လို့ ကိုယ်ကပြောတော့ "ရနံ့ရှိရင် မွှေးရမှာပေါ့" လို့ ပြောပြန်တယ်။ တမာပွင့်တွေရဲ့ လွတ်လပ်မှုကို သူမ ရှာမတွေ့နိုင်သေးခင် မွှေးရနံ့ကို ရှာတွေ့သွားခဲ့တယ်။

ဘာပဲဖြစ်ဖြစ်ပါ....
ကိုယ်က မုံရွေးသားကြီး စာရေးဆရာ ကိုတာ ရေးဖူးတဲ့ တမာပင်အကြောင်းကို ပြေးသတိရမိသေးရဲ့။ တမာပင်ကို အင်္ဂလိပ်လို Neem လို့ ခေါ်ပြီး သင်္သကရိုက်ကလာတဲ့ စကားလို့ ဆိုတယ်။ အဓိပ္ပါယ်က Liberated Tree လို့ ထွက်သတဲ့လေ၊ ဒီတော့ တမာပင်ရဲ့ ရင်းမြစ်အဓိပ္ပါယ်ဟာ သိပ်လှ၊ သိပ်ချစ်စရာ ကောင်းသပေါ့။ "လွတ်မြောက်တဲ့ သစ်ပင်" တဲ့။

လွတ်မြောက်တဲ့ သစ်ပင်မှာ ဘာရနံ့မှ မရှိဘူးလို့ ထင်စရာပဲ၊ ဒါပေမယ့် သူ့အဝေးကို မင်းရောက်နေတဲ့ အခါ သူ့ရနံ့ကို မင်းပြန်ရတယ် မဟုတ်လား....။ ဝမ်းနည်းပါတယ်ကွယ်... ပန်းမြိုင်လယ်မှာတော့ လွတ်မြောက်တဲ့ သစ်ပင်ဟာ မရှိနိုင်ဘူးပေါ့။

ဒီလိုပါပဲကွယ်
ကိုယ်ဟာ
သူမရဲ့ ပုဂ္ဂလိက တောအုပ်ထဲမှာ ဘယ်တော့မှ မဖြစ်ထွန်းနိုင်တဲ့ တစ်မျိုးတည်းသော မျိုးစိတ် (ဒါမှမဟုတ်) လွတ်မြောက်တဲ့ သစ်ပင်ပေါ့။ ဝမ်းနည်းပါတယ်ကွယ်... မင်းကြိုက်စိုးကြိုက်တွေ ကြားမှာတော့ ကိုယ်ဟာ လူရာမဝင်ချင်ဘူးပေါ့။

ဒါပေမယ့် ကိုယ် သေသေချာချာ ပြောနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ခု... ကိုယ်လေ... ကိုယ့်ဇာတိမြို့ကလေးထဲက လွတ်မြောက်တဲ့သစ်ပင်တွေနဲ့ လမ်းလေးမှာ သီချင်းတစ်ပုဒ် အလိုက်လေး အတိုင်း လေကလေးချွန်ရင်း လွတ်လပ်ပေါ့ပါး နေပါတယ်ကွယ်။ မင်းရော... မင်းတွေ့ရှိခဲ့တဲ့ မွှေးရနံ့တွေနဲ့ ပျော်မွေ့ပါရဲ့လား။

The Real Actor

The Real Actor : ThetHninSwe(Poppa)



Diversion of Unreach

မမီလိုက်တဲ့ လမ်းခွဲ - စိုးလှိုက်ဦး

The Last Season

နောက်ဆုံးရာသီ - စိုးလှိုက်ဦး(ယင်းမာပင်)

4G နုနု မခူးရဲပါ

မြန်မာနိုင်ငံရဲ့ လက်ကိုင်ဖုန်းများ သမိုင်းကို ပြန်ကြည့်လိုက်တိုင်း လန်ထွက်နေတဲ့ အံ့အားသင့်ဖွယ် ကာလများကို အမြဲတွေ့ရမှာ ပါပဲ။ ပထမဆုံး မှတ်မှတ်ရရ CDMA 450 ကို ငါးသိန်းနဲ့ စျေးချရောင်း စဉ်က ဖြစ်ပါတယ်၊ အိမ်ကတော့ ကျွန်တော့်ကို ဖုန်းတစ်လုံး ကိုင်စေချင်သည်။ ပြီးတော့ CDMA 450 များ ထွက်စဉ်က ခြောက်သိန်းထိ စျေးတွေ ပေါက်နေချိန်မှာ ကျွန်တော့်အတွက် ငါးသိန်းနှင့် ရနေခဲ့သည်။ ထို့ကြောင့်လည်း အိမ်က ယူစေချင်ဟန် တူပါသည်။ သို့သော် ကျွန်တော့် အမြင်မှာတော့ CDMA 450 များကို တစ်ချိန်မှာ သုံးစားမရဘဲ ပျောက်ကွယ် ပျက်စီးသွားမယ့် နက်၀ပ်တစ်မျိုးလို့ ယုံကြည်နေခဲ့ မိပါတယ်။ (အဲဒီအကြောင်းကိုလည်း "လောလောဆယ် (December 20, 2010)" ပို့စ်မှာ ရေးခဲ့ဖူးပါတယ်)

ကျွန်တော့်အိမ်အပြင် မိတ်ဆွေတစ်ချို့ကလည်း ဘာပဲဖြစ်ဖြစ် ယူလိုက်ပြီး ပြန်ရောင်းရင်တောင် တစ်သိန်းလောက် မြတ်နေတာမို့ ယူဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမယ့် ကိုယ်နာမည်နဲ့ ယူထားတဲ့ ဖုန်းတစ်လုံးကို အခြားတစ်ယောက်ဆီ အမြတ်ငွေကြေး တစ်စုံတစ်ရာနဲ့ ရောင်းလိုက်ရတာဟာ ကိုယ့်နာမည်ကို ရောင်းစားလိုက်ရတယ်လို့ ခံစားရလို့ မလုပ်ဖြစ်ခဲ့ပါဘူး။ အခုတော့ အဲဒီလို CDMA 450 ကို မယူဖြစ်ခဲ့တာ မှန်သွားခဲ့ပါပြီ။

အခုလည်း နောက်တစ်ကြိမ် ထပ်ကြုံရပြန်ပါပြီ၊ အခုဖြစ်နေတဲ့ ပြဿနာက GSM နဲ့ WCDMA တစ်ခုခု ယူသင့်သလား ဆိုတာပါ၊ ဒါပေမယ့် ကျွန်တော့်အတွက် လက်ကိုင်ဖုန်းတွေဟာ လက်ပတ်နာရီတွေလိုပဲ ခေါင်းမာလို့ ကောင်းနေဆဲ အကြောင်းအရာ တစ်ခု ဖြစ်နေဆဲပါပဲ။ သူငယ်ချင်းတွေက ဖုန်းနံပါတ် တောင်းတိုင်း "ဖုန်းတော့ မရှိဘူး ဟေ့ရောင်၊ ကံပဲ ရှိသေးတယ်" လို့ နောက်ရင်း ဖုန်းဝယ်ဖို့ ဆိုတာကို ခေါင်းထဲ မထည့်မိပါ။ ညီတော်မောင်နဲ့ ညီမတွေကိုလည်း အသုံးလိုတယ် ဆိုရင်တော့ ဝယ်ကြပေါ့၊ ဒါပေမယ့် အမှန်ကတော့ မဝယ်သင့်သေးဘူးလို့ ပြောပေမယ့် သူတို့ကတော့ လက်မခံဘဲ ဖုန်းတစ်လုံးစီနဲ့ ဖြစ်နေကြပါပြီ။ သူတို့ ဝယ်သုံးတာက ပြဿနာ မဟုတ်ပေမယ့် အရင်လို ကြိုးဖုန်းနဲ့ ပြောရတာ မဟုတ်လို့ ခဏခဏ အော်ရ ဟစ်ရ၊ ထပ်ခါထပ်ခါ ပြောရ ဆိုရ နဲ့ ကျွန်တော့်အတွက် ဖုန်းဝယ်ချင်စိတ်ဟာ ကုန်ပြီးရင်းကုန် နေခဲ့ပါတော့တယ်။

ဒီလိုနဲ့ ကျိုင်းတုံကနေ ပြန်လာချိန်မှာတော့ အင်တာနက်ချိတ်လို့ ရတာနဲ့ ဖုန်းဝယ်ချင်စိတ် အနည်းငယ် ပေါက်သွားပါသေးတယ်၊ ဒါပေမယ့် တကယ်တမ်း တစ်ပတ်လောက် သုံးကြည့်ပြီးတော့ စိတ်ကုန်သွားပြန် ပါတယ်။ ဖုန်းတွေပေါ်မှာလည်း "အင်တာနက်သည် နှေး၏၊ မကြာခဏ ကျတတ်၏" ဆိုတဲ့ Definition ကနေ ရုန်းထွက်လို့ မရသေးပါ။

ကျွန်တော့်အတွက် ပိုပြီး စိတ်ပျက်စေတဲ့ အကြောင်းကတော့ ထိုင်းဖုန်းတွေနဲ့ ထိစပ်နေရလို့ ပါပဲ၊ ထိုင်းဖုန်းတွေက ဖုန်းကဒ်တစ်ခုကို မြန်မာငွေ တစ်ထောင် ခြောက်ရာ၊ တစ်ထောင့် ရှစ်ရာ လောက်နဲ့ အလွယ်တကူ ရနေပြီး service ပိုင်းမှာလည်း တော်တော်လေး ကောင်းပါတယ်။ မြန်မာဖုန်းတွေလို GSM(3G) ဆိုပြီး ရောင်းပြီးမှ အင်တာနက် သုံးချင်ရင် တစ်သောင်းနဲ့ ထပ်ထည့် ဆိုတာမျိုးတွေလည်း မရှိပါဘူး။ အဲဒါကြီးကလည်း ရယ်ချင်စရာ တော်တော် ကောင်းပါတယ်၊ ဘယ်နှယ့်ဗျာ... ဘုန်းကြီးဝတ်ပါတယ်ဆိုမှ ပရိက္ခရာ (၈)ပါး စုံအောင် ထည့်မပေးဘဲ သပိတ်လေး လိုချင်ရင် တစ်သောင်းပေးပါ၊ ရေစစ်လေး လိုချင်ရင် တစ်သောင်း ပေးပါ ဆိုပြီး လုပ်နေတာမျိုး....

နောက်တစ်ခုက... ဖုန်းလိုင်းတွေ ကျချင်သလောက် ကျနေပါစေ၊ ဘာလို့လဲ သွားမမေးနဲ့ ... ဟောက်လွှတ်တတ်တဲ့ အကျင့်။ အဲဒါတွေက ခုထိ မပျောက်နိုင်ဘူး၊ ဒါပေမယ့် SkyNet မှာတော့ ဖုန်းလိုင်းတွေ အဆင့်မြှင့်တုန်းက ဘယ်အချိန်ကနေ ဘယ်အချိန်ထိ ပျက်ပါမယ် ဆိုပြီး တောင်းပန်တယ်။ ဒါက ရှမ်းပြည်အခေါ် ပြည်မထဲမှာမို့ ထင်ပါရဲ့၊ ကျွန်တော် ရောက်နေတဲ့ ရှမ်းရှေ့မှာတော့ ဒါမျိုး​တွေမရှိဘူး၊ ဖုန်းလိုင်းကျရင် ကျတယ်ပေါ့... ဘာတတ်နိုင်မှာလဲ... ဆိုတဲ့ အသိပဲရှိတယ်။ ဒီလိုနဲ့ တစ်ခါမှာတော့ ကျွန်တော်ရောက်နေတဲ့ မြို့မှာ (CDMA 450 ၊ GSM နဲ့ WCDMA တွေ စရကာစ အချိန်မှာပါ) နှစ်သိန်း၊ နှစ်သိန်းခွဲတွေ စဝယ်လို့ ရလာပါတယ်။ အဲဒီတော့ ဒီမြို့က မြို့ခံလူတွေလည်း ဝယ်သုံးကြတာပေါ့၊ ဒါပေမယ့် သူတို့ သုံးဖူးတာက လက်ကိုင်ဖုန်းထဲမှာ ထိုင်းဖုန်းပဲ ရှိတာပါ။ ဒီတော့ ဖုန်းလိုင်းတွေ ကျတော့ ဟန်းစက်တွေ အသစ်ဝယ်ကြပါတယ်၊ ဟန်းစက်ပျက်တာ ထင်လို့တဲ့။ တစ်ချို့ဆို သုံးနေတဲ့ ဖုန်းကို လွှင့်ပစ်ပြီးတောင် အသစ်လာဝယ် ပါတယ်၊ ဒီတော့မှ ဆက်သွယ်ရေးက ရှင်းပြရပါတယ်။ မြန်မာဖုန်းတွေက ဒီလို လိုင်းကျတတ်တယ်လို့... အဲဒီမှာ ပြဿနာ တက်တော့တာပါပဲ... လွှင့်ပစ်တဲ့သူတွေက ဖုန်းနံပါတ်ပြောပြီး အသစ်တောင်းတော့လည်း ချက်ချင်း မရကြောင်း ပြန်ရှင်းပြရ ပြန်ပါတယ်။ မြန်မာဖုန်းက အဲလို တောင်းလို့ မရပါဘူး၊ စာရွက်စာတမ်း တစ်ထပ်လောက်နဲ့ အချိန် တစ်လလောက် ပေးပြီး ကြိုးစားမှ လွှင့်ပစ်တဲ့ ဖုန်းနံပါတ်ကို ပြန်ရမယ်ပေါ့။ တစ်ခါတစ်ခါ အဲဒီလို တော်တော်လေး ရယ်ရပြန်ပါတယ်....

ထားပါဗျာ... အခုတလော မြန်မာ့ဆက်သွယ်ရေးက ၂၀၁၃ မှာ 4G ရအောင် လုပ်မယ်လို့ ပြောလာပြန်ပါတယ်၊ ဟုတ်ပါ့မလားဗျာလို့ မေးချင်စိတ် ပေါက်လာမိပါတယ်။ ခုထက်ထိ 3G ဆိုတဲ့ကောင်က ခုကျ၊ ခုတက် ဖြစ်နေပြီး Video Conference, MMS တွေလည်း မရနိုင်သေးပါဘူး။ ဒါပေမယ့်ပေါ့ဗျာ ကျွန်တော်တို့က အကောင်းမြင်သမား တွေပါ၊ ဘာပဲပြောပြော ၂၀၁၃ မှာ ဖုန်းတွေ ဒီထက် လိုင်းတွေကျပ်လာမယ် လို့ ပြောတာထက် 4G ရအောင် လုပ်မယ်လို့ ပြောတာကိုတော့ ကြိုဆိုနေရ မှာပါပဲ....။

ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့။ 4G ကို သုံးဖို့ ပိုက်ဆံပေးမလား ဆိုရင်တော့ မပေးရဲသေးပါဘူး၊ အချိန်တစ်ခုထိတော့ စောင့်ကြည့်ရပါ ဦးမယ်။ 4G နုနုလေး အတင်း ယူသုံးပြီးကာမှ ပုပ်နေရင် ဒုက္ခဗျာ၊ ပြီးတော့ ICT Conference တွေမှာ နားထဲလျှံနေအောင် ကြားနေရတဲ့ စကားလုံး "To the Future with good Competition" ဆိုတာကလည်း ခုထိ ဘာမှ အရာမထင်နိုင်သေးတော့ လက်ဝါးကြီးအုပ်ထားတဲ့ သူတို့ service တွေကို မျက်စိမှိတ် ယုံတဲ့သူလောက် မိုက်မဲတာ ရှိမယ် မထင်ပါဘူး။

လက်ရှိ အခြေအနေအရ ကျွန်တော်တို့ မျှော်လင့်နေတဲ့ F5 မပါတဲ့ Connection ဆိုတာကလည်း မျှော်လင့်ရ ခက်ခဲလွန်းနေပါတယ်၊ Se-Me-We 4 ကို ချိတ်ဆက်ဖို့ အစီအစဉ်ကလည်း ပျက်ပျယ်ခဲ့ရ ပြီမို့ အွန်လိုင်းအသုံးပြုသူတွေသာ တိုးတက်လာပြီး ၊ bandwidth ကတော့ ပုံသေချည်း ရှိနေဆဲပါ။ ရတာနာပုံ ပေါ်တယ်ကြီး ခံလိုက်ရတဲ့ DDos Attack မှာ တိုက်ခိုက်တဲ့သူ သုံးသွားတဲ့ bandwidth ဟာ မြန်မာ တစ်နိုင်ငံလုံးစာ bandwidth ထက် အများကြီး ပိုများနေတာကတော့ တကယ်ကို စိတ်မကောင်းစရာပါပဲ။ SeaGame မှာ ပြည်ပသတင်းထောက်တွေ အတွက် မြန်နှုန်းမြင့် ဆက်သွယ်မှု လိုတယ် ဆိုပြန်တော့လည်း မျှော်မိပြန်ပါတယ်၊ ဒါပေမယ့် ကွက်ကြားမိုးလေး ရွာပေးပြီး အဆုံးသတ်သွားပါတယ်။ အဲဒီနေရာလေး ကွက်ကွက်လေးမှာပဲ ကောင်းအောင် လုပ်ပေးမှာ တဲ့၊ အဲဒီအတွက် တစ်နိုင်ငံလုံးစာ ဝေစုထဲက တစ်ဝက်ကျော် ကျော်လောက် ထည့်ပေးလိုက်တယ်တဲ့၊ ကောင်းလေရော...

ကဲ... 4G နုနုကို မျှော်တော့ မျှော်နေမိဉီးမှာပါ၊ ဒါပေမယ့် 4G နုနု ကိုတော့ မခူးရဲ သေးပါဘူးဗျာ...။

ကျိုင်းတုံမြို့

အမှန်အတိုင်း ပြောရရင် ကျိုင်းတုံမြို့ အကြောင်းကို ရေးဖို့ ကျွန်တော် ကြိုးစားနေခဲ့တာ တော်တော်လေး ကြာသွားပါပြီ၊ ကျိုင်းတုံမြို့အကြောင်းကို ရေးဖို့ ကြိုးစားရင်း စိတ်အနှောင်အယှက် ဖြစ်စရာ တစ်ခု ဖြစ်ခဲ့ရတဲ့ အင်တာနက်ဆိုင် တစ်ခု (Amazing CyberCafe in Kyaingtone) အကြောင်းကို မထင်မှတ်ဘဲ အရင် ရေးဖြစ်သွား ခဲ့ပါတယ်။ အဲဒါ ရေးပြီးသွားကတည်းက ကျိုင်းတုံမြို့အကြောင်း ရေးလက်စကိုလည်း ပစ်ထားမိတော့တယ်...။ အခု နောက်တစ်ခေါက် ပြန်ရောက် ဖြစ်မှပဲ အဲဒီရေးလက်စ ပိုစ်လေးကို ကောက်ကြည့်မိ တော့တာပါပဲ....

My Mystery

ကျိုင်းတုံ...
ရှမ်းရှေ့ပိုင်းက တရုတ်၊ လော၊ ထိုင်း နယ်နိမိတ်များနဲ့ တော်တော်လေး နီးနီးကပ်ကပ် ရှိနေတဲ့မြို့...
WelcomeToKyaingTone
တစ်ချိန်မှာ အာဆီယံလမ်းမကြီး ပေါ်ပေါက်လာခဲ့ရင် အဓိက အချက်အချာ ဖြစ်လာမယ့်မြို့....
AsiaHighwayMap
အဲဒီအခါ AsiaHighway(3) ဟာ ကျိုင်းတုံမြို့ကနေ တရုတ်နိုင်ငံကို သွားပါလိမ့်မယ်။
KyaingTone
AsiaHighway(2) ကတော့ ကျိုင်းတုံမြို့ကနေ တာချီလိတ်မြို့ကို သွားပါလိမ့်မယ်၊ တာချီလိတ်မြို့က တစ်ဆင့် ထိုင်းနိုင်ငံကို ဆက်သွားမှာ ဖြစ်ပါတယ်။
KyaingTone
ကျိုင်းတုံနယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၁၂,၃၀၀ မျှရှိ၍ အချို့တောင်များဟာ ပေ ၅၀၀၀ ကနေ ၇၀၀၀ ထိ မြင့်မားကြပါတယ်။ ကျိုင်းတုံမြို့လယ်မှာတော့ ရခိုင်ဘုရားကြီးလို့ ခေါ်တဲ့ မဟာမြတ်မုနိဘုရားကြီးရှိပြီး အခြား စွန်စလီ၊ စွန်တောင်နဲ့ စွန်လွဲစေတီများလည်း ရှိပါတယ်။ လူမျိုးစုတွေအနေနဲ့တော့ ရှမ်း၊ လားဟူ၊ အခါ၊ ယင်း နဲ့ ခွန်(ဂုံ) လူမျိုးတွေ အများဆုံး နေထိုင်ကြပါတယ်။

ဒါ့အပြင်... "အာခေ" လို့ ခေါ်တဲ့ အချို့သော ရှားရှားပါးပါး လူမျိုးစုတွေကိုလည်း တွေ့ရပါသေးတယ်၊ သူတို့ အပြောအရတော့ သူတို့လူမျိုးစုတွေက အနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ကျိုင်းတုံမြို့ ပတ်ဝန်းကျင်မှာ ဆိုရင် သူတို့လူမျိုးစု ရွာငယ် သုံးလေးရွာပဲ ရှိတယ်လို့ ပြောပြပါတယ် (ရှမ်းမျိုး ၃၃ မျိုး မှာတော့ အာခေ ဆိုတာကို မတွေ့ရပါဘူး၊ ဒါမှမဟုတ် ကျွန်တော်က အသံထွက် လွဲနေတာလည်း ဖြစ်နိုင်ပါတယ်)။
Holy Monastery (or) Great Seminary
တရုတ် လူမျိုးတွေလည်း တွေ့ရပြီး အများစုကတော့ စီးပွားရေးသမား တွေပါ၊ တရုတ်တွေဟာ ရောက်လေရာမှာ စီးပွားဖြစ်ထွန်းတတ်တဲ့ လူမျိုးတွေပဲလို့ ကောက်ချက်ချမိပါတယ်။ ကျိုင်းတုံမြို့အတွက် တရုတ်တွေနဲ့ ယှဉ်ပြိုင်လုပ်ကိုင်နေတဲ့ ရှမ်းဆိုင်တစ်ချို့တော့ ရှိနေပါသေးတယ်၊ ဒါနဲ့ ဝမ်းသာအားရ အကြောင်းရင်းကို မေးမိလိုက်တော့ ကျွန်တော် တော်တော်လေး စိတ်ပျက်သွားရ ပါတော့တယ်။ အဲဒီဆိုင်ကတော့ မိုင်းလားက လားဟူလူမျိုး ဘိန်းကုန်သည်ရဲ့ မယားငယ် ဘယ်နှစ်ယောက်မြောက်ပေါ့တဲ့...၊ သေရော....။

ဒါတွေက ကျွန်တော် မစဉ်းစားနိုင်တဲ့ ဝါကျပျက်တွေပါ၊ ခက်တာက ကျွန်တော် တည်းခိုနေတဲ့ အိမ်ရှင် အစ်မတစ်ယောက် ပြောစကားက ကျွန်တော့်ကို ပိုပြီး တွေဝေမူးမော် စေပါတယ်.... "ဟိုတစ်နေ့က အစ်မ သူငယ်ချင်း တပ်ရင်းမှူးကတော် တစ်ယောက်ကတောင် ညဉ်းနေတာ....၊ သူသာ လားဟူ ဘိန်းကုန်သည် ဘောဇိနဲ့ ယူဖြစ်ခဲ့ရင် ခုလို ဆင်းဆင်းရဲရဲ နေရမှာ မဟုတ်ဘူးတဲ့။ ကျိုင်းတုံမှာ နာမည်ကြီး ဆိုင်တစ်ခုတောင် ထောင်နေနိုင်လောက်ပြီ လို့ ပြောနေတာ..." ထားပါ... ဒါက ကျိုင်းတုံမြို့ထဲက လူတစ်ချို့တစ်ဝက်ရဲ့ အသက်ရှုသံ ခပ်သဲ့သဲ့ပါ၊ တကယ်တမ်း ကျွန်တော် စိတ်ဝင်စားတာက တရုတ်ပစ္စည်းတွေ အရမ်းပေါသလို စျေးလည်ချိုတယ်ဆိုတဲ့ ကျိုင်းတုံမြို့အကြောင်းပါ.....

Background History

တကယ်တမ်း "ကျိုင်းတုံမြို့" သမိုင်းအရဆိုရင်တော့ ကျိုင်းတုံဟာ ခွန်(ဂုံ) လူမျိုးစုတွေရဲ့ နေရာဒေသ ဖြစ်ပါတယ်။ မြန်မာသမိုင်းမှာ ဂုံခေါ် ခွန်အမျိုးသားတို့ နေထိုင်ရာ ကျိုင်းတုံနယ်ကို "ခေမာဝရတိုင်း" သိုမဟုတ် "ဂုံပြည်" ဟု ရေးသားလေ့ ရှိသည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျိုင်းတုံမြို့ကို "ခေမာရဌတုံကပူရိ" ဟုခေါ်ပြီး "ဘယားဂါဟပ်" ဘုရင် လက်ထက်မှာ ထင်ရှားသော မြို့အဖြစ် ရောက်ရှိ ခဲ့တယ်လို့ ဆိုပါတယ်။

မောင်ကြည့်သန့် ရေးတဲ့ "မြန်မာ့ မြို့ရွာဒေသ ဝေါဟာရ ၂၀၀" စာအုပ်ထဲမှာတော့ ကျိုင်းတုံမြို့အကြောင်းကို အောက်ပါအတိုင်း ရေးသားထားပါတယ်-
"ဗုဒ္ဓဘုရားရှင် လက်ထက်တွင် ကျိုင်းတုံမြို့ တည်ရာ၌ ဆွမ်းဆန်ဆေးရာမှ စီးဆင်းလာသော ရေတို့သည် ကန်တစ်ခု ဖြစ်လာသည်။ နောင်တုံးကန်ဟု ခေါ်သည်။ နောင်မှာ အင်း၊ တုံ မှာ ခံယူသည်ဟု အဓိပ္ပါယ်ရသည်။ နောင်တုံးသည် နောင်တုံ ဖြစ်လာသည်။ ထိုမှ တစ်ဆင့် ကျိုင်းတုံ ဖြစ်လာသည်ဟု ဆိုသည်။"
Singing in Silence

ကျိုင်းတုံမြို့မှာ ပထမဆုံး ရောက်သွားတဲ့ ကာရာအိုကေ ဆိုင်ကတော့ "စိတ်တိုင်းကျ" ပါပဲ၊ သွားဖြစ်တဲ့ အကြောင်းရင်းက မိသားစုမိတ်ဆုံစားပွဲ တစ်ခုအနေနဲ့ ပါ။ ဆိုင်က စဖွင့်တာ မကြာသေးဘူးလို့ ဆိုပါတယ်၊ ဒါကြောင့်မို့ ထင်ရဲ့... အခန်းတွေက သစ်သားနံ့နဲ့ ပေါ်လစ်နံ့ကို တစ်ချက် တစ်ချက် ရနေသည်။ ဆိုင်နာမည်က "စိတ်တိုင်းကျ" ဆိုပေမယ့် စိတ်တိုင်းမကျတော့ "စိတ်တိုင်းကျ" မှာ သီချင်းတစ်ပုဒ်မှာ မဆိုရသေးခင် ပြဿနာကို အရင် စဆိုရပါတယ်။ နောက်မှ အဆင်ပြေသွားပြီး ပျော်ပျော်ပါးပါး ဖြစ်သွားပါတယ်....

ကျွန်တော့်နဲ့ ခင်တဲ့အစ်မက ကရာအိုကေက အပြန် ကားပေါ်မှာ သူ့သားတွေနဲ့ ပတ်သက်ပြီး သူ့ခံစားချက် တစ်ချို့ကို ပြောပြပါတယ်။
"ငါ့သားနဲ့ ပတ်သက်ပြီး ငါ မက်ခဲ့တဲ့ အိပ်မက်တွေအားလုံးကို စွန့်လွှတ်လိုက်ပါပြီကွာ..." တဲ့။
ကျွန်တော် ချက်ချင်း ပြန်ပြောမိတယ်...
"မိဘတွေရဲ့ အိပ်မက်ကို သားသမီး လိုက်ဖြည့်ဆည်းတာထက် ... သားသမီးတွေကို အိပ်မက် မက်တတ်အောင် သင်ပေးရမှာ မို့လား" လို့။
အစ်မက ချက်ချင်းပဲ ပြန်ပြောတယ်။
"ငါ သူတို့အိပ်မက်ကို သိဖို့ အချိန်အများကြီး ယူပြီး ကြိုးစားခဲ့ပါသေးတယ်။ ခက်တာက... သူတို့မှာ ဘာအိပ်မက်မှ ရှိမနေတာပဲ..."
ကျွန်တော်.................
တိတ်.....................ဆိတ်..............သွား............မိ......တယ်။

ကျိုင်းတုံမြို့ရဲ့ ညဟာ ကျွန်တော် မျှော်လင့်ထားတာထက် ပိုပြီး အေးစက်ခြောက်သွေ့လို့.... လေထဲမှာ လွင့်လာတဲ့ ခပ်ပြင်းပြင်းညမွှေပန်း ရနံ့က ရတစ်ချက်... မရတစ်ချက်..... ဒါပေမယ့် အဲဒီညမှာပဲ ကျွန်တော့်ရဲ့ အိပ်မက်ဟောင်း တစ်ချို့ကို ဇာတိ(ဖျာပုံ)ရဲ့ အိပ်မက်သစ်တွေနဲ့ အတူ ပြန်ရွတ်ဖြစ်ခဲ့တယ်။

A Club without Dance Floor

တစ်ချိန်ကတော့ ကျိုင်းတုံမြို့လို့ ပြောလိုက်တာနဲ့ မြို့လယ်က နောင်တုံကန်ကြီးရယ်၊ ကန်အလယ်ထဲက လမုန်းအကတွေကို လူတိုင်းက ပြေးမြင်တတ် ကြပါတယ်။ အခုချိန်မှာတော့ အဲဒီ အကတွေ မရှိတော့ပါဘူး၊ အဲဒါတွေအစား Night Club တစ်ခု နောင်တုံကန် နဘေးမှာ ပေါ်လာခဲ့ပါတယ်။ ကျိုင်းတုံတစ်မြို့လုံးမှာ ဆိုရင်တော့ NightClub (၂) ခု ရှိတယ်လို့ သိရပါတယ်၊ နောင်တုံကန်နံဘေးမှာ တစ်ခုရှိပြီး ကျန်တစ်ခုကတော့ လေယာဉ်ကွင်းနားမှာ လို့ ဆိုပါတယ်။ လေယာဉ်ကွင်းနားက ကလပ်ကိုတော့ မရောက်ဖြစ်ခဲ့ပေမယ့် နောင်တုံကန် နံဘေးက ကလပ်ကိုတော့ ကျွန်တော် ရောက်ဖြစ်ခဲ့ပါတယ်။

ကလပ်က ညပိုင်း (၉)နာရီမှ စဖွင့်ပါတယ်၊ အထဲဝင်တာနဲ့ လက်ကို တံဆိပ်ရိုက်ပေးလိုက်တော့ တာပါပဲ၊ ဝင်ချင်ဝင် ထွက်ချင်ထွက် လုပ်လို့ ရသွားပါပြီ။ မိန်းကလေးမို့ Free ဝင်ခွင့် ရတာမျိုးတော့ မရှိပါဘူး၊ သူတို့လည်း ဝင်ခ အတူတူပဲ ပေးရပါတယ်။ တစ်ခု ထူးဆန်းတာက Dance Floor မရှိဘဲ Club အပြည့် ဘားဆိုင်ကလို စားပွဲခုံဝိုင်းလေးတွေနဲ့ ထိုင်ခုံအမြင့်လေးတွေ ခင်းထားတာပါ။ အဲဒီ စားပွဲခုံဝိုင်း လေးတွေမှာ လူငယ်တွေ ကိုယ့်အဖွဲ့နဲ့ကိုယ် စုပြီး ကနေတာပါပဲ။ ကတာထက် ခုန်နေတာဆိုရင် ပိုမှန်မလား ပါပဲ၊ မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှုကတော့ ကလပ်သွားတဲ့ ပုံမှန်ဒီဇိုင်း မျိုးပါပဲ...။ ကျိုင်းတုံလို ရှမ်းမြို့အတွက်တော့ ဒီလို ဝတ်စားဆင်ယင်မှုက နေဘက်မှာလည်း မြင်နေကျမို့ သိပ်ပြီး ထူးလှတယ်လို့ မထင်ပါဘူး။ နည်းနည်းလေး နေခင်းဘက်ထက် ထူးသွားတာဆိုလို့ ဒေါက်ဖိနပ်မြင့်တွေ စီးလာကြတာ တစ်ခုပဲ ရှိမယ် ထင်ပါတယ်။ ယောက်ျားလေးတွေလည်း ထူးမခြားနားပါပဲ၊ ရန်ကုန်ကလို ကားတွေချည်း မဟုတ်ဘဲ ဆိုင်ကယ်တွေကတော့ ပိုများပါတယ်။

Club ဖွင့်ကာစမှာတော့ ကရင်း မော့ရင်းနဲ့ ဆေးလိပ်ကို သောက်နေသူ ဆိုလို့ ကိုယ် တစ်ယောက်တည်းတောင် ဖြစ်နေသလိုပါပဲ။ သိပ်မကြာလိုက်ပါဘူး... ကလပ်တစ်ခုလုံး ဆေးလိပ်မီးခိုးတွေ အူလာပါတော့တယ်၊ အတော်များများ ဆေးလိပ်သောက် လာပါတော့တယ်။ ဒါပေမယ့် သူတို့ ဆေးလိပ်သောက်ပုံက ဆေးလိပ်စွဲတဲ့သူတွေရဲ့ သောက်ပုံမျိုး မဟုတ်လို့ သံသယတော့ ဝင်မိပါတယ်။ သူတို့ သောက်နေတာ ရိုးရိုး စီးကရက်မှ ဟုတ်ရဲ့လားပေါ့....။ ဒီလိုနဲ့ ညဉ့်ကနက်လာတယ်၊ ဆယ်နာရီ ခွဲလည်း ကျော်ရော... ပုလင်းခွဲတဲ့သူ ခွဲ၊ ကွဲတဲ့သူက ကွဲလာပါပြီ။ ကျွန်တော့်ဘေးဝိုင်းက မိန်းကလေး တွေကတော့ အရက်တွေ၊ ရေတွေနဲ့ ရွှဲစိုနေတဲ့ ကြမ်းပြင်ပေါ်မှာ ဒေါက်ဖိနပ်အမြင့်နဲ့ ခုန်နေဆဲပါပဲ။

ကျွန်တော်တို့ ဝိုင်းက အဖွဲ့တွေကတော့ ငြိမ်ကျသွားပါပြီ၊ လက်ကလေး မြောက်... ခေါင်းကလေး လှုပ်တာ လောက်သာ လုပ်နိုင်ပါတော့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိုရွှဲနေတဲ့ ကြမ်းပြင်ချောချော ပေါ်မှာ မခုန်ရဲတော့ ပါဘူး။ ကျွမ်းကျင်ရာ လိမ္မာ ဆိုတာ ဒါကို ပြောတာပဲ ထင်ရဲ့၊ လမ်းလျှောက်တာကိုတောင် သတိထားနေရတဲ့ ကြမ်းပြင်ပေါ်မှာ ဒေါက်မြင့်ဖိနပ်လေးတွေကတော့ ခုန်ပေါက်နေဆဲပါပဲ...

Si.La.Damma Forest Monastery

ကြံကြံဖန်ဖန် ရောက်ဖြစ်သွားတဲ့ နောက်ထပ် တစ်နေရာကတော့ "ဝဇီပိတ်ဆရာတော် ဦးကောဝိဒ" ရဲ့ ကျောင်းပါ။ မြို့ပြင်ကို တော်တော်လေး ပြန်ထွက်ရပါတယ်၊ တက္ကသိုလ်တွေကျော်မှ ဝဇီပိတ်ဆရာတော်ရဲ့ ကျောင်းကိုသွားရာ လမ်းခွဲလေးရောက်ပါတယ်။ အဲဒီကနေ ကျိုင်းတုံတက္ကသိုလ်ဝင်း နောက်ဖျားထိ ဝင်သွားပြီးမှ ဆရာတော့်ကျောင်း ဆီကိုသွားတဲ့ တောင်တက်လမ်းလေးကို ရောက်ပါတယ်။ လမ်းက ကားတစ်စီး ကောင်းကောင်း သွားနိုင် လောက်အောင် ကျယ်ပါတယ်။
Holy Monastery (or) Great Seminary
Holy Monastery (or) Great Seminary
Holy Monastery (or) Great Seminary
တောင်ကို တက်လာတာနဲ့ ဆရာတော်ရဲ့ ကျောင်းဝန်းဟာ တော်တော်လေး ကြီးကျယ်ခမ်းနားသလို တရုတ်ဘုံကျောင်း တစ်ခုလိုလည်း လှပလွန်းနေတာ တွေ့လိုက် ရပါတယ်။ ကျွန်တော့် အတွက်တော့ နဂါးရုပ်တွေ၊ ကွမ်ရင်မယ်တော်ရုပ်တုတွေနဲ့ တရုတ်ဘုံကျောင်းဆန်ဆန် ဘုန်းကြီးကျောင်းကို ပထမဆုံး တွေ့ဖူးတာပါပဲ။ အဆောက်အဦးတွေကို ကြည့်ပြီး မဟာယာန ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဖြစ်မယ်လို့ ကျွန်တော် တွက်လိုက်မိပါတယ်။
Holy Monastery (or) Great Seminary
Holy Monastery (or) Great Seminary
ဒါပေမယ့် တကယ်တမ်း ကျောင်းဝင်း အတွင်းထဲ ရောက်သွားချိန်မှာတော့ "ဇင် ဗုဒ္ဓဘာသာ" ပိုဆန်တာကို တွေ့လိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စကျင်ကျောက်ပြား လေးတွေပေါ်မှာ ရေးထားတဲ့ စာတွေအရ "ဆရာသခင်" ဆိုတဲ့ အသုံးအနှုန်းကို မကြာခဏ တွေ့ရလို့ပါပဲ......။ ကျောင်းဝင်းအတွင်းပိုင်း ရှုခင်းကတော့ တော်တော်လေး သာယာသလို လှလည်း လှပ ပါတယ်။
Holy Monastery (or) Great Seminary
Holy Monastery (or) Great Seminary
စာရေးတာကို ဝါသနာကြီးပုံရတဲ့ ဆရာတော်ရဲ့ ကဗျာတိုလေးတွေ၊ မှတ်စုတိုလေးတွေကိုလည်း စကျင်ကျောက်ပြားလေးတွေပေါ်မှာ ရေးထွင်းထားပြီး စီစီရီရီ အလှဆင်ထားတော့ တော်တော်လေးကို အေးချမ်းသာယာလှတဲ့ လမ်းလေးနဲ့ ရှုခင်းလေး ပေါ်လာပါတယ်။ ဆရာတော် ရေးထားတဲ့ စာတို၊ ကဗျာတို လေးတွေထဲက တစ်ချို့ကိုတော့ သဘောကျ နှစ်သက်မိပေမယ့် တစ်ချို့ကိုတော့ မကြိုက်လှပါဘူး။
Holy Monastery (or) Great Seminary
Holy Monastery (or) Great Seminary
တော်တော်လေး ကြီးကျယ်ခမ်းနားလှတဲ့ အတက်အဆင်း လှေခါးနှစ်ခုနဲ့ ဆရာတော့်ကျောင်း ပေါ်ကို ရောက်သွားချိန်မှာတော့ ကျွန်တော်ဟာ တရုတ်သိုင်းကားထဲ ဝင်သွားသလိုလို ခံစားလိုက်ရပါတယ်။
Holy Monastery (or) Great Seminary
လူတစ်ယောက်စာ ကြီးမားလှတဲ့ တရုတ် အလှပန်းအိုးတွေရယ်၊ တရုတ်လို ဝတ်ဆင်ထားတဲ့ ဆရာတော်ရယ်၊ ဆရာတော်ဘေးက တရုတ်ပြည်လုပ် ကျားရုပ်ကြီးတွေရယ်... အရာရာဟာ ကျွန်တော့်အတွက်တော့ အထူးအဆန်းချည်း ဖြစ်နေပါတော့တယ်။
Holy Monastery (or) Great Seminary
Holy Monastery (or) Great Seminary
Holy Monastery (or) Great Seminary
ဆရာတော်ကို ကန်တော့ လိုက်ပြီးတော့ သူ့ရှေ့ကို တိုးသွားရပါတယ်၊ ဆရာတော်က ကျွန်တော့်ကျောကို လက်နဲ့ အသာပုတ်ပြီး ငုံ့ထားတဲ့ ကျွန်တော်ခေါင်းကို မန်းမှုတ်သလို လုပ်ကာ ပရိတ်ချည်ကြိုး အဖြူလေး ဆွဲပေးပါတယ်။ (အဲဒီလို လုပ်ရတော့ ဗောဓိတစ်ထောင် ဆရာတော်ကို ပြန်သတိရမိလိုက်ပါတယ်၊ ဗောဓိတစ်ထောင် ဆရာတော်ကတော့ ပုတီးနဲ့ ဘုရားပုံ ဆွဲကြိုးလေးတွေ ပေးတာပါ) ကျွန်တော်နဲ့ အတူသွားတဲ့ မိသားစုတွေ အားလုံး အဲလိုလုပ်ကြပါတယ်၊ "ဝဇီပိတ် ဆရာတော်" မို့ စကားတော့ တစ်ခွန်းမှ ပြောဆိုခြင်း မရှိပါဘူး။ နောက်မှ သိရတာက အဲလို လုပ်ပေးတာဟာ ဒကာရင်းတွေမို့ လို့ ဆိုပါတယ်။ သာမန် သွားရင် အဲလို လုပ်မပေးဘူးလို့လည်း ပြောကြပါတယ်...

အဲဒါတွေထက် ပိုထူးခြားတာ တစ်ခုက ကျောင်းနံရံအမြင့်မှာ ချိတ်ထားတဲ့ ဓာတ်ပုံတစ်ချို့ပါ။ (အလှူရှင် ဒကာ/ဒကာမ တွေရဲ့ပုံကို ရှမ်းပြည်နယ် ဘုန်းကြီးကျောင်း၊ ဘုရားတွေမှာ ချိတ်ဆွဲထားလေ့ ရှိတယ်ဆိုတဲ့ ဓလေ့ကို ကျွန်တော် ကြုံဖူးလို့ သဘောပေါက်ပါတယ်။ ) ဒါကြောင့် ကျောင်းဒကာဟာ ဓာတ်ပုံထဲက သူတွေများလား လို့လည်း တွေးနေမိပါတယ်....
Holy Monastery (or) Great Seminary
ဆရာတော်ကျောင်းရဲ့ အပေါ်ထပ် တစ်နေရာ... မှန်ဘီရိုတစ်ခု အတွင်းမှာတော့ ဆရာတော် ရေးသား ထုတ်ဝေထားတဲ့ စာအုပ်အချို့ကို ပြသထားတာ တွေ့ရပါတယ်၊ ကျွန်တော်ကတော့ ဆရာတော်တွေ ရေးတဲ့ စာအုပ်တွေထဲမှာ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) စာအုပ်တွေက လွဲရင် ကျန်တာ သိပ်မဖတ်သူမို့ "ဝဇီပိတ်ဆရာတော်" ရဲ့ စာအုပ်တွေထဲက "ဂုရုကျွန်းတိုင်" တစ်အုပ်သာ ဖတ်ဖူးပြီး အခြားစာအုပ်တွေကိုတော့ ဖတ်ဖူးခြင်း မရှိပါဘူး။ စာရေးတဲ့ ဆရာတော်တွေထဲမှာ "ကောဝိဒ" ပါတဲ့ ကလောင်နာမည်က သုံးမျိုးလောက် ရှိတာကိုတော့ မှတ်မိနေပါတယ်၊ ကျွန်တော် သိသလောက် ဦးကောဝိဒ(မြိတ်)၊ ဦးကောဝိဒ (ဝဇီပိတ်ဆရာတော်) နဲ့ အရှင်ကောဝိဒ(ယော) ဆိုပြီး စာရေးတဲ့ ဆရာတော် (၃)ပါးလောက် ရှိပါတယ်။
Holy Monastery (or) Great Seminary
ဘာပဲပြောပြော... ဆရာတော်ရဲ့ကျောင်းကို ကိုယ်တိုင်ရောက်သွားပြီး ဆရာတော့်ကို အပြင်မှာ ဖူးပြီးတဲ့နောက် ဆရာတော့်စာအုပ် "ဂုရုကျွန်းတိုင်" ကို သေချာ ပြန်ဖတ်ကြည့်ချင်စိတ် ပေါက်သွားပါတယ်၊ နောက်ပြီး... "ဇင် ဗုဒ္ဓဘာသာ"စာအုပ်တွေ၊ မိုးပြာဂိုဏ်းရဲ့ ပစ္စုပ္ပန် ကမ္မဝါဒီ စာအုပ်တွေကိုရောပေါ့....။

ကျိုင်းတုံ ကိုးမြို့ရှင်နတ်နန်း (or) ရှမ်းရှေ့က အမေရေရင်

တစ်ခါက ဘယ်ဘလော့မှာလဲတော့ မမှတ်မိပါဘူး၊ ရိုးရာနတ်ပွဲတွေ အကြောင်းကို ဘလော့ပိုင်ရှင်က ရေးထားပြီး အခြားတစ်ဦးက "နတ်ပွဲတွေဟာ ပညာမတတ်၊ စဉ်းစားဉာဏ် ချို့တဲ့သူတွေရဲ့ ပွဲလမ်းသဘင်" ဆိုပြီး မှတ်ချက် ပေးထားတာကို ဖတ်လိုက်ရပါတယ်။ ဒါနဲ့ " ခင်ဗျား အဲလိုတော့ တစ်ဖက်သတ်ကြီး မပြောလိုက် ပါနဲ့ဗျာ၊ နတ်ပွဲတွေဟာ မြို့ပြနဲ့ တောနယ်တွေရဲ့ ကုန်စည်ဖလှယ်ပွဲ တစ်မျိုးလည်း ဖြစ်ပါတယ်။ အရင်က လမ်းပန်းဆက်သွယ်ရေးဟာ ခုလောက် မကောင်းသေးတော့ အဲဒီပွဲလမ်းသဘင်မှာပဲ ကုန်စည် ဖလှယ်ကြရတာပါ။ အစွန်းရောက်တဲ့ အစွဲအလန်း တစ်ချို့တော့ မရှိဘူး မဟုတ်ပါဘူး၊ ရှိတော့ ရှိပါတယ်။ အကောင်းအဆိုးဟာ အရာတိုင်းမှာ ရှိနေမှာပါပဲ" လို့ ဝင်ပြောမိတယ်။

ကျွန်တော်ဟာ နတ်တွေကို မယုံကြည်ပေမယ့် နတ်ယုံကြည်သူတွေကိုတော့ အပြစ်မတင်ချင်သူပါ၊ အရာအားလုံးမှာ သူ့အကြောင်းနဲ့ သူ ရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ နတ်တွေရဲ့ ဘဝဇာတ်ကြောင်း တွေဟာ ကျွန်တော့်အတွက်တော့ ရောမဒဏ္ဏာရီတွေလို စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတွေပါ၊ မြန်မာနိုင်ငံရဲ့ ပေါများလှတဲ့ နတ်ပေါင်းများစွာထဲမှာ ကျွန်တော် စိတ်အဝင်စားဆုံးနတ်ကတော့ အမေရေရင် (ခ) အနောက်မယ်တော်ကြီး နတ်ပါပဲ။ ကျွန်တော်တို့နယ်မှာတော့ အမေကြီးလို့ ခေါ်ဆိုလေ့ ရှိပါတယ်၊ အမေရေရင်က လေးပါးရှိပြီး ကျွန်တော်တို့နယ်က အမေရေရင်ကတော့ အနောက်မယ်တော် အမေရေရင်ပါ။ အကယ်၍ တစ်စုံတစ်ယောက်ကများ "စိုးလှိုက်ဦး၊ မင်း.... အမေရေရင်ကို ကိုးကွယ်လား" လို့ မေးလာရင် "အင်း... ကိုးကွယ်တယ်၊ ငါတို့မြို့နယ်ရဲ့ Identity တစ်ခုအနေနဲ့ ကိုးကွယ်တယ်" လို့ ကျွန်တော်က ပြန်ဖြေမှာ အသေအချာပါပဲ။
ကျိုင်းတုံ ကိုးမြို့ရှင်နတ်နန်း
ကျွန်တော်တို့ မြန်မာနတ်တွေနဲ့ ရောမ ဒဏ္ဏာရီလာ နတ်တွေ မတူတာက နေရာပါပဲ၊ မြန်မာနတ်တစ်ပါးဟာ နေရာတိုင်းမှာ ရောက်နေတတ်ပါတယ်.... ဉပမာ- မြင်းဖြူရှင်နတ် ဆိုရင် ဟိုနယ်မှာလည်း ရှိသလို ဒီနယ်မှာလည်း ရှိတာပါပဲ။ ရောမနတ်တွေကတော့ သူ့နေရာ၊ သူ့နယ်ပယ်နဲ့ အသေ ရှိပါတယ်။ အဲ... ကျွန်တော် ခုလို သိုင်းဝန်းပြီး စကားဦးသန်းနေတာက ကျိုင်းတုံမြို့ နတ်နန်းမှာလည်း အမေရေရင် (ခ) အနောက်မယ်တော်ကြီး ရုပ်တုကို တွေ့ရလို့ပါပဲ။ အမေရေရင်ဟာ ရှမ်းအမျိုးသမီးပါ၊ ဒါကြောင့်များ ရှမ်းပြည်အရှေ့ပိုင်းမှာ ရောက်နေသလားတော့ မပြောတတ်ပါဘူး။
ကျိုင်းတုံ ကိုးမြို့ရှင်နတ်နန်း
ဖြစ်နိုင်တာတစ်ခုက အရှေ့၊ အနောက်၊ တောင်၊ မြောက် မယ်တော်လေးပါး ရုပ်တု (၄)ခု အဖြစ် အတူပူးတွဲ တွေ့ရတာမို့ အစ်မတော် အရှေ့မယ်တော်ကြီးနဲ့ နှမတော်နတ်အဖြစ် ပါနေတာလည်း ဖြစ်နိုင်တယ်လို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် "အနောက်ကတော်ကြီး အမေရေယျဉ် လေးပါးနန်း" လို့ ရေးထိုးထားတော့ အနောက် ရေရင်ကတော် (ကျွန်တော်တို့ ယင်းမာပင်နယ်က အမေရေရင်) ကို ဦးတည်ပြီး ရေးထားတယ် လို့လည်း တွေးမိတယ်၊ မျက်စိတော့ လည်ချင်စရာပါပဲ။ ရှမ်းအရှေ့က အနောက်မယ်တော်ကို ဦးစားပေး ကိုးကွယ်တယ်ဆိုတော့..... ကျွန်တော်လည်း တော်တော်လေး ခေါင်းမူးသွားရပါတယ်။
ကျိုင်းတုံ ကိုးမြို့ရှင်နတ်နန်း
နောက်တစ်ခုက စာလုံးပေါင်းပါ၊ အမေရေရင်... အမေရေယဉ်... အမေရေယာဉ်... စသဖြင့် အမျိုးမျိုး သုံးကြပေမယ့် ကျွန်တော် လေ့လာလို့ ရသလောက် "အမေရေရင်" ကသာ အမှန်လို့ သိရပါတယ်။ ကျိုင်းတုံ ရောက်မှပဲ ကျွန်တော် တစ်ခါမှ မမြင်ဘူးတဲ့ စာလုံးပေါင်းနဲ့ တွေ့ရပါတော့တယ်... "အမေရေယျဉ်" တဲ့....။
ကျိုင်းတုံ ကိုးမြို့ရှင်နတ်နန်း
Little PyinOoLwin (or) Loimwe Town

နောက်ထပ် ကျွန်တော် ရောက်ဖြစ်တဲ့ နေရာတစ်ခုကတော့ လွိုင်မွေတောင်စခန်းမြို့ လေးကိုပါ၊ ဒီတောင်စခန်း မြို့လေးဟာ ကျိုင်းတုံမြို့ကနေ တစ်ဆင့်သွားရတဲ့ နေရာလေးပါ။ ပတ်ဝန်းကျင်၊ ရာသီဥတုနဲ့ သဘာဝပေါက်ပင်တွေက ကျွန်တော့်ကို ပြင်ဦးလွင်ကို ပြန်ရောက်သွားသလို ခံစားရစေပါတယ်...၊ နောက် ဝိုင်မျိုးစုံလည်း ပေါသေးတယ်လေ။ ဒါပေမယ့် ကျိုင်းတုံမြို့ကနေ လွိုင်မွေကို သွားတဲ့လမ်းဟာ အဖြူရောင်နယ်မြေတော့ မဟုတ်ပါဘူး၊ မကြာခဏ ဘိန်းကုန်သည်တွေ သောင်းကျန်းသူတွေ ဖြတ်သန်းလေ့ ရှိလို့ အညိုရောင်နယ်မြေလို့ သတ်မှတ်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မိတ်ဆွေ အချို့နဲ့အတူ ရောက်ဖြစ်အောင် ရောက်သွားခဲ့ပါတယ်၊ လမ်းမှာ ဘာအန္တရာယ်မှတော့ မကြုံခဲ့ရပါဘူး။

လွိုင်မွေတောင်စခန်းမြို့ လေးဟာ ကျိုင်းတုံမြို့ထက် အမြင့်ပေ ပိုများသလို တောင်တက်လမ်းအတိုင်း ၁၅ မိုင်လောက် တက်သွားရပါတယ်။ လမ်းကလည်း ကျောက်ခင်းလမ်းမို့ တော်တော်လေး ဆိုးလှပါတယ်၊ သာမန် မြို့တွင်းသွား ကားအနိမ့်စားလေးတွေအတွက်တော့ ဘော်ဒီနဲ့ ကားလမ်း ဒရွတ်တိုက် နေမယ် ထင်ပါတယ်။ ပြီးတော့ ကားမကောင်းရင်လည်း လွိုင်မွေကို သွားဖို့ မသင့်ဘူးလို့ ထင်ပါတယ်၊ တောင်းခါးပါးရံကို ပတ်ပြီး တက်သွားတဲ့ ကျောက်ခင်းလမ်း အကြမ်းစားက တစ်ဖက်မှာ တောင်နံရံ၊ အခြားတစ်ဖက်မှာ ချောက်ကမ်းပါးပဲ ရှိပါတယ်။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ရင်တော့ သိပ်မစားသာလှပါဘူး။

လွိုင်မွေကို သွားမယ်ဆိုပြီး ကျိုင်းတုံမြို့ကနေ ထွက်လာတာနဲ့ ပထမဆုံး တွေ့ရတာကတော့ "ကျိုင်းတုံ နည်းပညာတက္ကသိုလ်" ပါပဲ၊ တက္ကသိုလ်တွေရဲ့ ထုံးစံအတိုင်း မြို့ကထွက်ပြီး တော်တော်လေး သွားရပါ တယ်။ ဆိုင်ကယ်အများစုနဲ့ ကျောင်းသား/သူ တွေ သွားလာနေတာကို တွေ့ရပါတယ်။
လှေခါးထစ် စိုက်ပျိုးရေး
အဲဒီကနေ ဆက်သွားတာနဲ့ တောင်တက်လမ်းကို စတက်သွားပါတယ်... လှပတဲ့ လှေခါးထစ် စိုက်ပျိုးရေး လယ်ကွက်တွေကို ငေးမောရင်း မကြာခင်မှာပဲ လမ်းရဲ့ဘယ်ဘက်မှာ "နမ့်လပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ" ကို တွေ့ရပါတယ်၊ ကျွန်တော် ရောက်တဲ့အချိန်က ရေနည်းနေတဲ့အချိန်ပါ။ အဲဒီ နမ့်လပ်ချောင်းထဲကို ခဏ ဆင်းကြည့်ကြတော့ နမ့်လပ်ချောင်းတစ်လျှောက်က ကျောက်တုံးတွေပေါ်မှာ တက္ကသိုလ် ကျောင်းသား/သူ စုံတွဲအချို့ကို တွေ့ရပါတယ်။ ကျွန်တော်တို့က ဓာတ်ပုံ တစ်ဖျပ်ဖျပ်နဲ့မို့ တက္ကသိုလ် ကျောင်းသား/သူ စုံတွဲတွေ အာရုံပျက်သွား ပုံပါပဲ၊ အလျိုလျို ထပြန်သွားကြပါတယ်၊ ဒီတော့မှ ကျွန်တော်တို့လည်း အေးအေးဆေးဆေး အမှတ်တရ ဓာတ်ပုံ ရိုက်နိုင်ပါတော့တယ်....
နမ့်လပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ
နမ့်လပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ
နမ့်လပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ
နမ့်လပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ
နမ့်လပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ
ဒီ "နမ့်လပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ" ထိ အပိုင်းဟာ ကျိုင်းတုံမြို့ ဧရိယာထဲမှာပဲ ရှိသေးသလို လမ်းကလည်း ကတ္တရာလမ်းပဲမို့ လမ်းက ကောင်းနေပါသေးတယ်။ ဒီလိုနဲ့ ၁၅မီနစ်လောက် ဆက်တက်သွားလိုက်တာနဲ့ ကျောက်ခင်းလမ်းပိုင်းကို စပြောင်းသွားပါတယ်၊ လမ်းတစ်လျှောက်မှာ ညာဘက် တောင်းခါးပါးရံ၊ ဘယ်ဘက် ချောက်ကမ်းပါး နဲ့ တော်တော်လေး သွားပြီး "လွယ်မွေကျေးရွာအုပ်စု" ထဲက "ပန်ဝိုင်အောက်ရွာ"ကို ရောက်ပါတယ်။ ရွာက တကယ့် ပုစိကွေးလေးပါ၊ လူဦးရေ (၃၀၀) ကျော်လောက်နဲ့ အိမ်ခြေ (၅၅)အိမ်ပဲ ရှိပါတယ်။ "ပန်ဝိုင်အောက်ရွာ"ကနေ ဆက်တက်သွားတာနဲ့ ကျောက်ခင်းလမ်းက ပိုကြမ်းလာသလို အကွေ့အပတ်တွေကလည်း ပိုများလာပါတည်။ အချိန်ကို မှတ်မထားမိလို့ အတိအကျ မပြောနိုင်ပေမယ့် နာရီဝက်ကျော်ကျော်လောက် ခုန်နေတာမို့ စားထားတဲ့ အစာတွေ အကုန်ကျေညက် သွားသလား မသိပါဘူး၊ ကျွန်တော်တို့ အကုန်လုံး ဗိုက်တော်တော်လေး ဆာလာပါတယ်။

တစ်နာရီနီးပါးလောက် ခုန်ဆွ ခုန်ဆွ ကားကလေးက ကျောက်ခင်းလမ်းပေါ် ပြေးလွှားလာပြီးနောက် "ခွန်ဆိုင်းအောက်ရွာ" ကို ရောက်သွားပါတယ်။ ဒီရွာလေးက "ပန်ဝိုင်အောက်ရွာ" ထက်ကို ပိုသေးနေပါ သေးတယ်၊ လူဦးရေ (၁၃၀)ကျော်နဲ့ အိမ်ခြေ (၂၁)အိမ်ပဲ ရှိပါတယ်။ ကျွန်တော့် စိတ်ထဲ ခုထိ မရှင်း မရှင်း ဖြစ်နေတာက "ပန်ဝိုင်အပေါ်ရွာ" နဲ့ "ခွန်ဆိုင်းအပေါ်ရွာ" တွေကို "လွိုင်မွေ တောင်စခန်းမြို့" ရောက်တဲ့အထိ မတွေ့ရတာပါပဲ။ လွိုင်မွေက ဆက်သွားမှပဲ အဲဒီရွာတွေကို ရောက်သလား... ဒါမှမဟုတ် ကျွန်တော်ကပဲ မတွေ့ခဲ့တာလား... တော့ သေချာမသိပါဘူး။
လွိုင်မွေ တောင်စခန်းမြို
"ခွန်ဆိုင်းအောက်ရွာ" နဲ့ တစ်ဆက်တည်း နီးပါးလောက်မှာတော့ ကျွန်တော် ရောက်ချင်နေတဲ့ "လွိုင်မွေ တောင်စခန်းမြို့" မြို့ဝင်ဆိုင်းဘုတ်လေးကို တွေ့လိုက်ရပါပြီ။ "ဟ... ရောက်ပြီဟေ့" လို့ စိတ်ထဲမှာ ရွတ်ဆိုလိုက်မိပြီး မြို့ဝင်ဆိုင်းဘုတ်ပေါ်က "လွိုင်မွေ" လို့ ရေးထားတာကိုလည်း သတိထားလိုက် မိပါတယ်။ ကျိုင်းတုံမှာ တုန်းက "လွိုင်မွေ" ကို "လွယ်မွေ" လို့ပဲ စာလုံးပေါင်းပြီး ရွာလေးတစ်ရွာ ဖြစ်တယ်လို့သာ ထင်နေမိတာပါ၊ နောက်ပြီး "လွိုင်မွေမြို့" ရဲ့ ပင်လယ်ရေမျက်နှာပြင် အမြင့်ပါ...၊ အမြင့်ပေ (၅၅၄၂)ပေတောင် ရှိတာမို့ ပေ(၃၀၀၀) ကျော်ကျော် လောက်သာရှိတဲ့ ပြင်ဦးလွင်ထက် ပိုမြင့်ပါတယ်။
လွိုင်မွေ တောင်စခန်းမြို
"လွိုင်မွေမြို့" ကို ရွာလေးတစ်ရွာ အဖြစ်သာ ကျိုင်းတုံမြို့မှာ ဘာကြောင့်ပြောဆို နေကြတာလဲဆိုတာကို မြို့ထဲ ရောက်သွားမှပဲ သဘောပေါက်သွားပါ တော့တယ်၊ ဟုတ်ပါတယ်... မြို့ဆိုရင်လည်း တကယ့်မြို့ ပုစိကွေး သေးသေးလေးပဲ ဖြစ်ပါလိမ့်မယ်၊ ရွာဆိုရင်လည်း ရွာအငယ်စား တစ်ခုသာ ဖြစ်ပါလိမ့်မယ်။ မြို့ထဲက စျေးကိုသွားရာ လမ်းဘေးက ရေကန်ကြီးကတော့ တော်တော်လေး ကြီးလှသလို လှလည်း လှပ ပါတယ်။ ဒါတောင် ထိန်းသိမ်း စောင့်ရှောက်မှု နည်းနေသေးလို့ပါ၊ အမှန်ဆို ဒီထက် ပိုလှမယ်လို့လည်း မြင်မိပါတယ်။
လွိုင်မွေ တောင်စခန်းမြို
စျေးကိုသွားရာ လမ်းကတော့ ကတ္တရာလမ်းမ ပြန်ဖြစ်သွားပြန်ပါတယ်၊ ဒါပေမယ့် စျေးရောက်တာနဲ့ ကတ္တရာလမ်းက ဆုံးသွားပြီး ကျောက်ခင်းလမ်း ပြန်ဖြစ်သွားပါတယ်။ စျေးကလည်း ခပ်သေးသေးနဲ့ ဆိုင်းခန်းတွေကလည်း ခပ်ကြပ်ကြပ် ညပ်ညပ် တည်ဆောက်ထားပါတယ်၊ စျေးအဝင်ဝနားမှာ ရှိတဲ့ စားသောက်ဆိုင် တစ်ခုမှာ ကျွန်တော်တို့ ထိုင်ဖြစ်ပါတယ်။ ဆိုင်နာမည်က "စတိုင်သစ်"ဆိုလားပဲ၊ စားသောက်ဆိုင် ဆိုတာထက် ပွင့်ပွင့်လင်းလင်း ပြောရရင် အရက်ဆိုင် ဆိုတာက ပိုမှန်ပါလိမ့်မယ်။
လွိုင်မွေ တောင်စခန်းမြို
တစ်ခုထူးခြားတာက နှစ်ချို့ဝိုင်တွေ အပါအဝင် ဝိုင်အမျိုးအစား တော်တော် စုံစုံလင်လင် ရှိတာပါပဲ။ တစ်ဆိုင်လုံးမှာ ကျွန်တော်တို့ အဖွဲ့ပဲ ရှိပါတယ်၊ အခြား စျေးလာသူတွေကတော့ ဒီဆိုင်ကို လှည့်တောင် မကြည့်တာကို တွေ့ရတော့ "ခင်ဗျားတို့ ရောင်းကော ရောင်းရရဲ့လား" လို့ စပ်စုမိပြန်ပါတယ်။ ဆိုင်ရှင် ဖြစ်ဟန်တူတဲ့ ရှမ်းမလေးကတော့ "ရောင်းရပါတယ်၊ အဓိက ကတော့ လာလည်တဲ့ ဧည့်သည်တွေနဲ့ GTC ကျောင်းသားတွေကိုပေါ့" လို့ ပြန်ဖြေပါတယ်။ "ဟာ... လွိုင်မွေ လမ်းက ဒီလောက်ဆိုးတာ ကျောင်းသားတွေ လာကြတာပဲလား" လို့ ကျွန်တော်က အတွန့်တက်မိတော့ "လာကြပါတယ်၊ ကျောင်းဖွင့်ချိန် ကျောင်းပိတ်ချိန်တွေ နီးပြီဆို ကျောင်းသူတွေတောင် ပါသေး" တဲ့။

ဒါနဲ့ အဲဒီစကားစကို ဖြတ်ပြီး "လွိုင်မွေမြို့"ရဲ့ အထင်ကရ နေရာတွေကို မေးကြည့်မိတော့ ViewPoint နဲ့ နှစ်တစ်ရာစံအိမ် ဆိုပြီး (၂)နေရာ ရှိတယ်လို့ သိလိုက်ရတယ်၊ ဒါဆိုရင် စျေးကနေ အနီးဆုံး ရှိတာက ဘာလဲဆိုတော့ View Point ပေါ့တဲ့။ အရမ်းလှတယ် လို့လည်း ပြောပြပါတယ်...။ ဒါနဲ့ ကျွန်တော်တို့ ViewPoint ဆီကို ချီတက်ကြပါတယ်၊ လမ်းကတော့ တကယ့်ကို ကျောက်ခင်းလမ်း ဆိုးဆိုးရွားရွားပါပဲ...။

View Point ဆီကို သွားတဲ့လမ်းဟာ ကျွန်တော်တို့ နားခဲ့တဲ့ စျေးလေးကနေ အထက်ကို တက်သွားတဲ့လမ်းပါ၊ ViewPoint ဆိုလို့ သေသေချာချာ အလှအပ ခံစားဖို့ ထိုင်ခုံတွေ ဘာတွေနဲ့လို့ မထင်လိုက်ပါနဲ့။ တောင်ကုန်း အမြင့်ဆုံး တစ်ခုသာသာပါပဲ၊ အဲဒီကုန်းပေါ်မှာ တာဝါတိုင်၊ စလောင်းတွေနဲ့ ဆက်သွယ်ရေးရုံးလား မသိပါဘူး.... အဆောက်အဦး တစ်ချို့တော့ ရှိပါတယ်။ အဲဒီပေါ်ကနေ မြင်ရတဲ့ ရှုခင်းကတော့ သူတို့ ပြောသလိုပဲ တော်တော်လေး လှပါတယ်၊ ကျိုင်းတုံမြို့ကို အပေါ်အထက်စီးကနေ လှမ်းကြည့်ရတဲ့ မြင်ကွင်းက အမိုက်ဆုံးပါပဲ။ ကျန်တဲ့ ပတ်ဝန်းကျင် တစ်ခုလုံးက မြူတွေဆိုင်းပြီး နေပေမယ့် ကျိုင်းတုံမြို့အပေါ်မှာတော့ တစ်မြို့လုံး မီးလောင်ပြီး မီးခိုးတွေ တလူလူ ထွက်နေသလို မြင်ရလို့ပါ။ မိတ်ဆွေ တစ်ယောက်ကတော့ "အဲဒါကြည့်.... အဲဒါ လူတွေရဲ့ လောဘ၊ ဒေါသ အခိုးအငွေ့တွေလေ" တဲ့၊ နောက်တစ်ယောက်ကလည်း အားကျမခံ ဝင်ပြောပါတယ်... "မဟုတ်ဘူးကွ၊ အဲဒါ ကာဗွန်ဒိုင်အောက်ဆိုဒ် မီးခိုးတွေ.... ကားတွေ၊ စက်​တွေကနေ ထွက်လာတာ"
View Point
View Point
View Point
View Point
ကျွန်တော်ကတော့ သူတို့နှစ်ယောက်ရဲ့ အငြင်းအခုန်မှာ ဝင်မပါဖြစ်လိုက်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့နှစ်ယောက်လုံး မှန်နေတယ်လို့ ယူဆမိလို့ပါ။ ViewPoint မှာ ခဏ ရပ်ကြည့်ပြီးတော့ အမှတ်တရ ဓာတ်ပုံလေး ဘာလေး ရိုက်ကြပါတယ်။ ပြီးတော့ နောက်ထပ် အထင်ကရ နေရာတစ်ခု ဖြစ်တဲ့ "နှစ်တစ်ရာစံအိမ်" ဆီကို ဆက်ပြီး ချီတက်ခဲ့ကြပါတယ်။ "နှစ်တစ်ရာစံအိမ်" ဟာ ကျွန်တော်တို့နဲ့ သိပ်ကံစပ်ပုံ မရပါဘူး၊ တောင်မေးမြောက်မေးနဲ့ တော်တော်လေး မျက်စိလည်နေပါတယ်။ "နဖူးစာ ရွာလည်" မဟုတ်ဘဲ "နှစ်တစ်ရာအိမ် ရွာလည်" နေကြတာ တော်တော်လေး ကြာသွားပါတယ်။ သူငယ်ချင်းအချို့က ခုမှ အိမ်ပြန်ရမှာကို သတိပိုရလာပုံ ပါပဲ၊ နောက် ကြုံမှပဲ ထပ်လာတာပေါ့ တွေ ဖြစ်ကုန်ပါတယ်....။ ကျွန်တော်လည်း အများနဲ့ တစ်ယောက်မို့ သူတို့အဆိုကို လက်ခံပြီး လွိုင်မွေမြို့လေးကနေ ဆင်းခဲ့ရပါတော့တယ်။
KyaingTone to LwayMwai
လွိုင်မွေနဲ့ ကျိုင်းတုံမြို့ကို သွားတဲ့ ခရီးတစ်လျှောက်လုံးမှာ "စန်လော့" လို့ ခေါ်တဲ့ ထော်လာဂျီ တွေရယ်၊ ဆိုင်ကယ်တွေရယ်က လွဲရင် တခြားလိုင်းကားတွေ ဘာတွေတော့ မတွေ့ခဲ့ရပါဘူး၊ ကိုယ်ပိုင်ကားလို့ ယူဆရတဲ့ ကားတစ်စီးတစ်လေ ကိုတော့ လမ်းမှာ ရှောင်ခဲ့ရတာတော့ ရှိပါတယ်။
ဇာတိ(ဖျာပုံ) ကတော့ လွိုင်မွေရွာကို ကိုယ်တိုင်ကားမောင်းပြီး ရောက်သွားဖူးပုံကို ဒီလို ရေးထားဖူးပါတယ်...။
.: လွယ်မွေရွာသို့ ရောက်ခဲ့တယ်